Wednesday, September 15, 2010

ယာမာဂူချီခင်ဆွေရီသို့

ummm.. sure .. happiness and sadness are couples . one comes after another is gone.

Currently fav poem ယာမာဂူချီခင်ဆွေရီသို့ (အောင်ဝေး) via poem corner .
here is some abstraction .. the poem is just simple but so touch .. feel with your heart 

အိမ်ထောင်ရေးဆိုတာ
မိန်းမတကာရဲ့
မဟာစီးပွားရေးအလုပ်ပဲ

ငါ့ရင်ထဲမှာ ကွဲကြေရတဲ့အခါ
“မမထား” ဝတ္ထုထဲမှာပါတဲ့
ဗန်းမော်တင်အောင်ရဲ့စကား
မင်းခံစားစေချင်မိတယ်။

မင်းနားလည်ဖို့ကိုလဲ
ငါ့မယ်အလိုရှိတယ်။
ဒါပေမဲ့
ကဗျာဆရာ
ငါ့အဖို့မှာတော့
ဒါဟာ တကယ့်အမှား
ဖြစ်ခဲ့ပြီ။

ဇော်ဂျီ ရဲ့
မောင်သစ်ဆင်းကဗျာတွေ
မင်းသုဝဏ်ရဲ့
မောင်ခွေးဖို့ကဗျာတွေ
မင်းမရှိတဲ့အခါ
ငါဘာလုပ်ရမလဲကွယ်
ခင်ဆွေရီရဲ့
နှင်းစီတဲ့ဆောင်း
တွဲဖက်ကျောင်းမှာ
ခေါင်းလောင်းထိုးသံ
ညိုးညိုးညံတွေ
ပြန်လို့များကြားယောင်
မုန်းဟန်ဆောင်ရင်
နေရောင်ကျဲကျဲ
ပန်းခင်းထဲမှာ
လွမ်းရဲဖို့
တို့ချစ်လာတာ
လမ်းခွဲဖို့ မှ မဟုတ်ပဲကွယ်။

မနက်ခင်းဆိုရင်
လယ်ကွင်းတွေမှာလည်း
သီချင်းတွေလှပနေမယ်။

မိုနေးရဲ့ ပန်းရောင်နှင်း
ဗန်ဂိုးရဲ့ နေကြာခင်း
မီးတွင်းမှာ
မင်းဝါဝင်းသလို
အလင်းရောင်စိုစိုနဲ့
အို
ဘာပြောကောင်းမလဲ
ငါ့ရင်ထဲ
နှင်းခဲရွှေရောင်
လွမ်းအောင်လှပ
အဲဒီရသ
ခုကဗျာရေးတဲ့ည
ပြန်လို့ရတယ် အချစ်ရယ်။

ကြားယောင်သေးရင်
မင်းနားထောင်နော်
“ပတ္တမြားရောင်ဝါ
ကံ့ကော်ဦးတွေနဲ့” တဲ့
“ခင်နဲ့သာအတူတွဲကာ
ဘယ်ကမ္ဘာရွေ့စေ
ဖုန်းမသွေပါ
မမုန်းလေနဲ့အချစ်ဦးညှာ”
ဘာဖြစ်လို့များ
ချစ်ပြီးမှ
လမ်းခွဲချင်ရတာလဲ
ဝမ်းနည်းစရာပါ
ခင်ဆွေရီ။

ခင်ဆွေရီရဲ့
မင်းနဲ့ငါနဲ့
ဘဝရဲ့ ပထမခြေလှမ်း
မိုးစိုစိုနဲ့လှမ်းတော့
ရင်ဖိုဖိုနဲ့ ချမ်းခဲ့တာပဲ
ခရီးအလွမ်း
ကြမ်းခဲ့တာပဲမဟုတ်လား။
အဲဒီတုန်းက
ငါရွတ်ပြခဲ့တဲ့
မာယာကော့ဖ်စကီးရဲ့ ကဗျာ
မင်းအခုပြန်နားထောင်ပါ။
ချစ်တတ်ဖို့ နှလုံးသားတစ်စုံရယ်
ရင်အခုန်မှန်စေဖို့
ကုန်ထုတ်လုပ်မယ့်လက်နှစ်ဖက်ရယ်
ဒီနှစ်ခုပြည့်စုံရင်
ငါတို့လက်ထပ်ကြပါစို့
” တဲ့။

ငါကျောင်းဆရာ
မင်းကျောင်းဆရာကတော်
အရပ်ကခေါ်ရင်
ငါလေမင်းကို
ပျော်စေချင်ခဲ့တယ်။
အလွမ်းတစ်စ
ငါ့ရင်ဝမှာ
လွင့်ရှထိမှန်
နာကျင်ပြန်ပြီ
မဒမ်အောင်ဝေး
သို့မဟုတ်
ခင်ဆွေရီ။

အဲဒီကဗျာ
“အချိုမြိန်ဆုံး ငရဲ” ထဲမှာ
ငါ ဒီလိုခံစား
ငါ့ရဲ့သဘောထား
ခါးသီးပေမယ့်
ချိုမြခဲ့ပါပြီကွယ်။
“ဒုက္ခရှိမှ
ဘဝမြင့်မြတ်
လှပတတ်၏။
သိက္ခာမာန
အကျမခံ
ကံ
ကံ၏အလုပ်
ကျွန်ပ်မသိ”
မသိလို့လည်း
ငါဆင်းရဲနေတာပေါ့ကွယ်။

ငါဆင်းရဲလို့လည်း
မင်းလမ်းခွဲချင်တာပေါ့ကွယ်။

မင်းရည်မှန်းတာကို
ငါ မရည်မှန်းနိုင်သေးနိုင်တာပဲ
ငါဝမ်းနည်းတယ်။
ငါယုံကြည်တာကို
မင်းမယုံကြည်နိုင်သေးတာလည်း
ငါဝမ်းနည်းတယ်။

တိုက်ကားမရလည်း
ဆိုက်ကားခ ရှိတဲ့အခါ
ဟင်္သာတ ပေတရာ
ပျော်စရာပါ
” တဲ့
မောင်နွယ်ထွဋ်ရဲ့ ကဗျာကိုပဲ
ငါ ကိုးကားရတော့မယ်။

ကဗျာဆရာနဲ့
သူရဲ့ အိမ်ထောင်ရေးမှာ
ဆင်းရဲတာ ဆန်းသလား
သင်းကွဲတာ
ဆန်းသလားကွယ်။

“အချစ်ရေ
မြေနဲ့ကောင်းကင်
မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာပါပဲကွယ်
ယုံပါ”
တဲ့
မောင်လေးအောင်ရဲ့ ကဗျာ
ခုနေမှာ
ငါ ဒါပဲရွတ်ပြနိုင်သေးတယ်။

ဒါဟာ
ငါ့ရဲ့အမှား
ငါမှားပါတယ်ကွယ်ဆိုတော့
ဟော
မင်းငိုပြန်ပါပကော။

မင်းငိုရင် ငါချော့
ငါချော့ရင် မင်းမူ
မင်းမူတော့ ငါစ
ငါစလို့မင်းစိတ်ကောက်ရင်
ဟန်ဆောင်လို့ ငါအိပ်
မီးပိတ်တော့လည်း
ညည်းစိတ်လျော့ရတာပဲ
မဟုတ်လား။

မင်းရယ်
ငါရယ်
သားတွေသမီးတွေ
ဖွဲ့စည်းစိမ်းသင်း
ကြီးပြင်းလာတဲ့အခါ
မောင်သာနိုး ကဗျာဖွဲ့သလို
“မင်္ဂလာပါ နံနက်ခင်း” လို့
လာမယ့်နှစ်ဆယ့်တစ်ရာစု
ချစ်သူ အိပ်မက်နှုတ်ခမ်း
လက်ဆွဲနှုတ်ဆက်နမ်းရအောင်။

ချစ်တတ်ပြီး
သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ် ချိုမြနေမှာပါ။

ငြိမ်းချမ်းရေးသာ
ရမယ်ဆိုရင်
ရာဇဝင်မှာ
မိန်းမမြတ်မိခင်တွေဟာ
ကောင်းကင်တစ်ခြမ်း
ပခုံးထမ်းပြီး
လမ်းကြမ်းကြမ်းလည်း
လျှောက်လှမ်းနိုင်ပါသတဲ့
ကဲ
ဘယ့်နှယ့်လဲ
ငါ့ရင်ထဲက
မခင်ဆွေရီ (မြန်မာပြည်)။ ။

0 comments:

Post a Comment